Drone ဈေးကွက်ထဲက DJI Phantom 4 နဲ့ GoPro Karma ကိုနှိုင်းယှဉ်ကြည့်တဲ့အခါ

တိုးတက်လာတဲ့နည်းပညာအသစ်အဆန်းတွေအရ ပေါ်ပေါက်လာခဲ့တဲ့ Drone တွေကို လူအများ စိတ်ဝင်စားလျက်ရှိကြပါတယ် ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Drone တွေကို ဓာတ်ပုံတွေ Video တွေရိုက်ဖို့သာမကပဲ တစ်နေရာက တစ်နေရာကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက်ပါ အသုံးပြုလာကြတာ တွေ့ရပါတယ် ။ နည်းပညာဈေးကွက်ထဲက Drone တွေကို လေ့လာကြည့်မယ် ဆိုရင်တော့ စိတ်ဝင်စားစရာ Drone နှစ်ခုကို တွေ့နိုင်ပါလိမ့်မယ် ။ အဲဒါတွေကတော့ DJI Phantom 4 နဲ့ GoPro Karma တို့ပဲဖြစ်ပါတယ် ။

နှစ်ခုစလုံးကတော့ နောက်ဆုံးပေါ် အသစ်စက်စက်တွေဖြစ်ပေမယ့် DJI ရဲ့  Phantom 4 က လက်ရှိ ဈေးကွက်မှာ နာမည်ရ ၊ လူကြိုက်များပြီးသားဖြစ်ပါတယ် ။ နာမည်အတိုင်း ထွက်ခဲ့တဲ့ Series တွေထဲ က မျိုးဆက် (၄) ဆက်မြောက်ဖြစ်ပါတယ် ။

Karma ကတော့ Drone လောကထဲကို အခုမှဝင်ရောက်လာတာဖြစ်ပြီး Ultra HD Camera တွေကို ထုတ်လုပ်အောင်မြင်နေတဲ့ GoPro ကုမ္ပဏီရဲ့ ပထမဦးဆုံး Drone လည်းဖြစ်ပါတယ် ။ ပထမဦးဆုံးဆိုပေမယ့် အထင်တော့မသေးလိုက်ပါနဲ့ ။ DJI Phantom 4 နဲ့ နှိုင်းယှဉ်ရလောက်တဲ့ စွမ်းဆောင်ရည်တွေရှိနေပါတယ် ။

လေ့လာကြည့်လိုက်ရအောင် . . .

DJI Phantom 4

DJI Phantom 4 ရဲ့ဈေးနှုန်းက ဒေါ်လာ(၁၂၀၀)ဝန်းကျင်ရှိတဲ့အပြင် သယ်ဆောင်သွားဖို့အတွက် ဒေါ်လာ(၂၀၀) တန် DJI backpack ကိုထပ်မံဝယ်ယူရဦးမှာပါ ။

ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကိုရရှိနိုင်စေမယ့် 4K ကင်မရာကိုအသုံးပြုထားပါတယ် ။ သတိပြုရမယ့် အချက်က ကင်မရာကို Drone မှာ အသေချိတ်ဆက်ထားတဲ့အတွက် မြေပြင်မှာအသုံးပြုလို့မရနိုင်ပါဘူး ။ ဝေဟင်ပေါ်မှာ အသုံးပြုဖို့ အတွက်သီးသန့်ဖန်တီးထားတာဖြစ်ပါတယ် ။

ထိန်းချုပ်ဖို့အတွက် စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက် တစ်ခုခုနဲ့ ချိတ်ဆက်ထားဖို့လိုအပ်ပြီး အရာဝတ္ထု တွေကိုရှောင်တိန်းတဲ့ စနစ် Flight Mode တွေနဲ့ Feature တွေအများအပြားပါဝင် ပါတယ် ။ အရင်မျိုးဆက် တွေကို အသုံးပြုဖူးတဲ့ သူတွေအတွက် တော့ အသုံးပြုရတာအဆင်ပြေပေနိုင်ပေမယ့် အခုမှ စသုံးမယ့် သူတွေအတွက်တော့ များပြားလှတဲ့ mode တွေနဲ့ Feature တွေကြောင့် အခက်အခဲတွေ့ နိုင်ချေ ရှိပါတယ် ။

ပရိသတ်တွေကိုသဘောကျစေမယ့်အချက်ကတော့ အမြန်နှုန်းပါပဲ ။ တစ်နာရီကို (၄၅) မိုင် နှုန်းအထိ ပျံသန်းနိုင်တာက စိတ်ကျေနပ်စရာကောင်းပါတယ် ။

GoPro Karma

GoPro ရဲ့ ပထမဦးဆုံး Drone ဖြစ်တဲ့ Karma ကတော့ GoPro ရဲ့နောက်ဆုံးထွက် ဒေါ်လာ(၃၀၀) တန် Hero 5 Black 4K Camera နဲ့ တွဲဖက် ဝယ်ယူရင်တောင်မှ ဒေါ်လာ(၁၁၀၀)သာကျသင့်မှာဖြစ်တဲ့အတွက် Phantom 4 ထက် ဈေးပိုသက်သာပါတယ် ။ GoPro မပါပဲ သူ့ချည်းသက်သက် ဝယ်ယူရင်တော့ ဒေါ်လာ(၈၀၀)ပဲကျ သင့်မှာဖြစ်ပြီး ကြိုက်နှစ်သက်ရာ ကင်မရာနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ် ။

အရွယ်အစားက Phantom 4 ထက်ပိုသေးငယ်တဲ့အပြင် ခေါက်ပြီးသိမ်းလို့ရတဲ့အတွက် အလွယ်တကူ ထည့်ယူ သယ်ဆောင်သွားလို့ရပါတယ် ။ ထိန်းချုပ်ဖို့အတွက် ၅ လက်မ ရှိတဲ့ Screen နဲ့ Controller တစ်ခုပါဝင် တဲ့အတွက် Phantom 4 လိုမျိုး စမတ်ဖုန်း ၊ တက်ဘလက်တွေနဲ့ ချိတ်ဆက်အသုံးပြုစရာ မလိုအပ်ပါဘူး ။ Controller ရဲ့  Screen ကွဲအက်သွားတာမျိုး ၊ ပျက်စီးတာမျိုးဖြစ်ခဲ့ရင်လည်း Controller အသစ်တစ်ခု ထပ်မံဝယ်ယူနိုင်ပါတယ် ။

Phantom 4 ထက်အားနည်းတဲ့အချက်တွေကတော့ အရာဝတ္ထုတွေကို ရှောင်တိန်းတဲ့စနစ်မပါဝင်တာနဲ့ တစ်နာရီကို (၃၅) မိုင်နှုန်းပဲပျံသန်းနိုင်တာ ဖြစ်ပါတယ် ။

အချက်တွေအားလုံးကိုခြုံငုံသုံးသပ်ရရင်တော့ ဒီနှိုင်းယှဉ်မှုမှာ GoPro Karma က အနိုင်ရတယ်လို့ ပြောရမှာဖြစ်ပါတယ်။

 

DigitalTimes.com.mm ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *